ဂင်းနစ်မှတ်တမ်းဝင်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ “အသက်အရှည်ဆုံး” ဘုန်းကြီး

0
242

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် ၁၂၀ အရွယ် ဟိန္ဒူဘုန်းကြီးတစ်ပါးဟာ သူဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုထားပြီး ဂင်းနစ်မှတ်တမ်းလျှောက်ဖို့လည်း ကြိုးပမ်းနေပါတယ်။

l_143421_053458_updates

ဆွာမိဆီဗာနန်ဒါလို့အမည်ရတဲ့ ဒီဟိန္ဒူဘုန်းကြီးဟာ ၁၈၉၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး နေ့စဉ် နာရီနဲ့ချီပြီး ယောဂကျင့်သလို လိင်နဲ့ပူစပ်တဲ့ အရာတွေကိုလည်း ရှောင်တယ်လို့ ဆိုပါတယ်။ သူပြောတဲ့အတိုင်းသာ မှန်ကန်တယ်ဆိုရင်တော့ သူဟာ ရာစုသုံးခုကို ဖြတ်သန်းဖူးသူဖြစ်သွားပါပြီ။ သူ့ရဲ့နိုင်ငံကူးလက်မှတ်မှာ ဖော်ပြထားတဲ့ မွေးသက္ကရာဇ်ဟာ သူ့ရဲ့ သန်မာပုံနဲ့တော့ နည်းနည်းမလိုက်ဖက်သလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ ယောဂကျင့်နိုင်နေလို့ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနကတော့ ဆီဗာနန်ဒါရဲ့ မွေးသက္ကရာဇ်က မှန်ကန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာက လူတော်တော်များများဟာ မှတ်ပုံတင်ထဲကအသက်ထက် အပြင်မှာ ၁၀ လောက်တောင် ငယ်တာမျိုးတွေ ရှိတဲ့အတွက် ခု ဟိန္ဒူဘုန်းကြီးရဲ့အသက်အမှန်ကို သိဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။

ဆီဗာနန်ဒါအကြောင်းကို ဒီနှစ်နွေရာသီမှာ ပြည်တွင်းသတင်းဌာနက Times of India က ပထမဆုံးဖော်ပြခဲ့တာပါ။ ဆီဗာနန်ဒါဟာ သူ့အသက်ထက် နှစ် ၅၀ စာလောက် နုပျိုနေတယ်လို့ Times of India က ဆိုပါတယ်။ ဒါပေမဲ့ သူ့မျက်နှာပေါ်ကိုကြည့်ပြီး အသက် ၁၂၀ ကို လက်ခံတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ဆီဗာနန်ဒါဟာ အထွဋ်အမြတ်မြို့တစ်ခုဖြစ်တဲ့ ဗာရာဏသီမြို့က ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အရမ်းကို ချို့ချို့တဲ့တဲ့နေခဲ့ရတာကြောင့် ဘုန်းကြီးဘဝကို ရောက်ခဲ့တာပါ။ သူ့အတွက်တော့ ယောဂ၊ စည်းကမ်းနဲ့ အဗြဟ္မာစရိယာအမှုတွေက လမ်းကောင်းပေါ်ရောက်အောင်တင်ပေးခဲ့တာလို့ ဆိုပါတယ်။ ဆီဗာနန်ဒါဟာ အရပ် ၅ ပေ ၂ လက်မ မြင့်ပြီး ရိုးရိုးဖျာတစ်ချပ်ပေါ်မှာပဲ သစ်သားပြားကို ခေါင်းအုံးလုပ်ပြီး အိပ်ပါတယ်။

သူဟာ အစပ်၊ ဆီ၊ ဆန်မပါတဲ့ အစာတွေကိုစားပြီး နို့နဲ့ သစ်သီးကိုတောင် မစားဘူးလို့ ဆိုပါတယ်။ သူငယ်ငယ်တုန်းကဆိုရင် ဘာမှမစားဘဲ အိပ်ခဲ့တဲ့ရက်တွေတောင် မနည်းဘူးလို့ ဆိုပါတယ်။ ဆီဗာနန်ဒါဟာ အစက ဂင်းနစ်စံချိန်လျှောက်ဖို့လည်း စိတ်မဝင်စားခဲ့ပေမဲ့ တပည့်တပန်းတွေက တိုက်တွန်းလွန်းလို့ လျှောက်တာဖြစ်တယ်လို့လည်း AFP ကို ပြောပါတယ်။

ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအရ လက်ရှိအချိန်မှာ အသက်အရှည်ဆုံးလူသားက ဂျပန်နိုင်ငံက ဂျီရိုအဲမွန်ကီမူရာ ဖြစ်ပါတယ်။ ကီမူရာဟာ အသက် ၁၁၆ နှစ်နဲ့ ၅၄ ရက်အရွယ်အရောက် ၂၀၁၃ ခုနှစ် ဇွန်လမှာ ကွယ်လွန်ခဲ့သူဖြစ်ပြီး သက်တမ်းအကြာဆုံးအသက်ရှင်နေထိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Ref: AFP