ယူအေအီးက ဖိလစ်ပိုင်ကို ပျံသန်းတဲ့လေယာဉ်ပေါ်မှာ အမျိုးသမီးတစ်ယောက် လမစေ့ဘဲ ကလေးမွေး

0
323

ယူအေအီးနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တစ်ခုအတွင်းမှာ ခရီးသည်ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ သတ်မှတ်ထားတဲ့မွေးရက်ထက်စောပြီး အသည်းအသန်ဗိုက်နာလာတဲ့အတွက် လေယာဉ်ကို အိန္ဒိယမှာ အရေးပေါ်ဆင်းသက်ဖို့ လုပ်နေတုန်းမှာပဲ လေယာဉ်ပေါ်မှာ မီးဖွားခဲ့ပါတယ်။

baby-born-mid-air-cebu

ဆရာဝန်တွေက ဒီမိခင်လောင်းကို ကလေးမွေးဖို့ ဂျူးဒိတ်(မွေးရက်)တွက်ထားတာက နောက်ထပ် နှစ်လလောက် လိုပါသေးတယ်။ ဒါပေမဲ့ သြဂုတ် ၁၄ ရက်နေ့က ဒူဘိုင်းကနေ မနီလာကို အသွားမှာ Cebu Pacific Air လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာတင် ကလေးကို မျက်နှာမြင်ခဲ့တာလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့အဖော် မစ်စီဘာဘာရာဘီအူမန်ဒယ်က Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဗိုက်အသည်းအသန်နာတဲ့အချိန်မှာ လေယာဉ်ခရီးသည်တွေလည်း အလန့်တကြားနဲ့ အကူအညီပေးကြဖို့ ပြောတော့ ခရီးသည်ထဲမှာပါတဲ့ သူနာပြုနှစ်ယောက်ကို လေယာဉ်ရှေ့ခြမ်းကို မွေးခန်းတစ်ခု ကမန်းကတမ်းလုပ်ခဲ့ရပါတယ်။

“အစက တိုးတစ်ဝက်ကျယ်တစ်ဝက် အော်သံပဲ ကြားနေရတယ်။ နည်းနည်းလည်းကြာရော ချစ်စရာကောင်းတဲ့ အူဝဲ အော်သံလေးကို ကြားရတော့တာပဲ။ အဲဒီမှာ ကလေးကိုမွေးလိုက်ပြီဆိုတာ သိလိုက်တယ်။ ကံကောင်းတာက တစ်ခါပဲ ညှစ်ပြီးတာနဲ့ ကလေးက ထွက်လာတာပဲ”လို့ အူမန်ဒယ်က ရေးထားပါသေးတယ်။ အူမန်ဒယ်က သူမရဲ့ Facebook စာထဲမှာ ကလေးလေးကို စောင်နဲ့ပတ်ပြီးချီထားတဲ့ ကလေးအမေပုံကိုလည်း တွဲတင်ထားပါတယ်။ ကလေးကတော့ သမီးလေး ဖြစ်ပါတယ်။

ကလေးမွေးတဲ့မိခင်ဟာ ဘယ်နိုင်ငံသားလဲဆိုတာကိုတော့ မသိရသေးပါဘူး။ လေယာဉ်ခရီးသည်တွေထဲမှာ မွေးကင်းစကလေးပါတဲ့ မိဘတွေက သူမကို ကလေးဝတ် အဝတ်အစားတွေလည်း ပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ လေယာဉ်မှူးက အိန္ဒိယတောင်ပိုင်းက ဟိုက်ဒရာဘတ်ဒ်မှာ အရေးပေါ်ဆင်းပေးခဲ့တာပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့အကြီးဆုံး Cebu Pacific Air လေကြောင်းလိုင်းကတော့ ဒါဟာ သူတို့လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာပထမဆုံးအကြိမ် ကလေးမွေးတဲ့ဖြစ်ရပ်ပဲလို့ AFP ကို ပြောကြားခဲ့ပါတယ်။

Ref: AFP