စင်ကာပူမှာ ပိုကီမွန်ဂိုးဂိမ်းကစားပြီး ရန်ဖြစ်တဲ့ လူနှစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးထား

0
203

စင်ကာပူနိုင်ငံမှာ ကမ္ဘာတစ်ဝန်း အင်မတန်လူကြိုက်များနေတဲ့ ပိုကီမွန်ဂိုးဂိမ်းအဆော့ကောင်းလို့ ရန်ဖြစ်တဲ့ လူနှစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ စင်ကာပူရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

f78aae0cb954bba80a26ac2499a6c2f24f67466b

ဒီရန်ပွဲဟာ စင်ကာပူရဲ့ နာမည်ကျော် အော်ချတ်ဒ်လမ်းပေါ်က ရှော့ပင်းမောလ်တစ်ရဲ့ ကားပါကင်ဝင်ပေါက်မှာ ဆိုင်ကယ်မောင်းသူတစ်ယောက်နဲ့ လမ်းသွားလမ်းလာတစ်ယောက်တို့ သြဂုတ် ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ လမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်ဟာ ကားလမ်းဖြတ်ကူးနေတဲ့အချိန်မှာ ပိုကီမွန်ဂိုးဂိမ်း ဆော့နေခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းက သူ့ကို ဟွန်းတီးပြီး သတိပေးပေမဲ့ တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားများခဲ့ရာကနေ ကိုယ်ထိလက်ရောက်အဆင့်ထိ ဖြစ်ခဲ့တာပါ။ ရန်ဖြစ်သူနှစ်ယောက်စလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒီပြစ်မှုဟာ စင်ကာပူမှာ ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ် စင်ကာပူဒေါ်လာ ၅၀၀၀ (အမေရိကန်ဒေါ်လာ ၃၇၀၀)ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချခံရနိုင်ပါတယ်။

ဒီရန်ပွဲဟာ ပိုကီမွန်ဂိုးဂိမ်းနဲ့ပတ်သက်ပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ ပထမဆုံး ဖြစ်တဲ့ ရန်ပွဲဖြစ်ပါတယ်။ ပိုကီမွန်ဂိုးဟာ စမတ်ဖုန်းနဲ့ဆော့ရတဲ့ မိုဘိုင်းဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ဒီဖုန်းဟာ Augmented Reality ဂိမ်းဖြစ်တဲ့အတွက် ဖုန်း GPS ကိုဖွင့်ပြီး အပြင်လောကက နေရာတွေကို ဂိမ်းထဲမှာထည့်ပြီး ဆော့ကစားလို့ရပါတယ်။

ဒီဂိမ်းထဲမှာ ပီကာချူးကာတွန်းကောင်လေးတွေကို လိုက်ဖမ်းဆီးရတဲ့အရသာကို လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးက ဂိမ်းဆော့သူတွေက အစွဲအလမ်းကြီးကြီးနဲ့ နှစ်ချိုက်နေကြပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ဒီဂိမ်းထွက်ပြီး ၁၀ မြောက်နေ့ကတည်းက လမ်းသွားလမ်းလာတွေအနေနဲ့ ဘေးဘီဝဲယာကို သတိထားပြီး ဒီဂိမ်းဆော့နေရင်း ကားလမ်းကူးတာအနှောင့်အယှက်မဖြစ်စေဖို့ လုံခြုံရေးထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

Ref: AFP