ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်တွေ ကျမ်းသစ္စာပြုရာမှာ အဟောင်းအတိုင်းပဲ ဂတိပြုကြမှာလား

0
277


ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေအရ အသစ်ခေါ်ယူလာမယ့် လွှတ်တော် အစည်းအဝေးတွေအတွက် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာပြုရာမှာ ကျမ်းသစ္စာပြုမှုပုံစံ အဟောင်းအတိုင်းပဲ ဂတိပြုကြမှာလားလို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးခိုင်မောင်ရည်က မေးခွန်းထုတ်လိုက်ပါတယ်။

ရွေးကောက်ပွဲအလွန်ကာလ လွှတ်တော်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး MCN သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦဖြစ်တဲ့ ဦးခိုင်မောင်ရည်က မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

ဒါအပြင် ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လိုအပ်တဲ့ ဥပဒေပြင်ဆင်ရေးတွေကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း အာဏာရ ပါတီနဲ့အတူ တပ်မတော်အပါအ၀င် တိုင်းရင်းသားနဲ့ ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားဖို့ လိုအပ်နေတယ်လို့လည်း ဦးခိုင်မောင်ရည်က တိုက်တွန်းထားပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲက အနိုင်ရရှိပြီး လွှတ်တော်ထဲကို စတင်ဝင်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်ဆက်တွဲ ဇယား (၄) ပါ ကျမ်းသစ္စာပြုရေး ပုံစံပါ စကားလုံး စကားရပ်တွေနဲ့ ပတ်သက်ပြီး အခက်တွေ့ခဲ့ကြတာပါ။

ကျမ်းသစ္စာပြုရေး ပုံစံမှာတော့ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒီအပေါ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ဖို့ ဂတိပြုထားတဲ့ NLD ပါတီက ကိုယ်စားလှယ်တွေအနေနဲ့ စကားလုံး စကားရပ်ဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တာပါ။

ဒီအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲကနေ လွှတ်တော်ထဲ ရောက်ရှိခဲ့တဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရက်တစ်နိုင်ငံရေး အင်အားစုတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်ရေး ကြားဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်နဲ့ ခေါ်ယူလာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ အလားတူ အခက်အခဲတွေ မရှိရအောင် NLD ပါတီအနေနဲ့ လက်ကျန်ကာလအတွင်း ဆောင်ရွက်ထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။