ဘုံဘေ အိန္ဒိယ နည်းပညာတက္ကသိုလ်အကြောင်း ရုပ်/သံမှတ်တမ်း (Documentary of Indian Institute of Technology Bombay)

0
216


Indian Institute of Technology Bombay by mcntvnews

ဒီသတင်းပတ်မှာတော့ အာရှဒေသတွင်းမှာ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ အိန္ဒိယနိုင်ငံက ဘုံဘေ အိန္ဒိယ နည်းပညာတက္ကသိုလ် (Indian Institute of Technology Bombay) အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီတက္ကသိုလ်ကို ၁၉၅၈ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ ဒုတိယသက်တမ်းအရှည်ဆုံး တက္ကသိုလ်တစ်ခုအဖြစ် ပြောဆိုနိုင်မှာပါ။
IITB လို့ အတိုကောက်ခေါ်တဲ့ ဘုံဘေ အိန္ဒိယ နည်းပညာတက္ကသိုလ် (Indian Institute of Technology Bombay) ဟာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ ပိုဝေမှာ တည်ရှိတဲ့ သုတေသန အထူးပြု စက်မှုတက္ကသိုလ် တစ်ခုပါ။ အိန္ဒိယနိုင်ငံမှာရှိတဲ့ စက်မှုတက္ကသိုလ်တွေထဲမှာ ခါရက်ဂ်ပူရ် အိန္ဒိယ နည်းပညာ တက္ကသိုလ် (Indian Institute of Technology Kharagpur ) (IITK) ပြီးရင်တော့ အိန္ဒိယမှာ ဒုတိယ သက်တမ်း အရင့်ဆုံး တက္ကသိုလ်ပါ။

ဘုံဘေ အိန္ဒိယ နည်းပညာတက္ကသိုလ် (Indian Institute of Technology Bombay) ကို ၁၉၅၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီးနောက် ၁၉၅၁ ခုနှစ်မှာ နိုင်ငံတော်အဆင့် အသိအမှတ်ပြု တက္ကသိုလ် ဖြစ်လာခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ အဆင့်မြင့် တက္ကသိုလ် ၄ ခု စာရင်းဝင် တက္ကသိုလ်တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ ကျောင်းရဲ့ ဆောင်ပုဒ်ကတော့ Knowledge is the Supreme Goal ပဲဖြစ်ပါတယ်။

ဘုံဘေ နည်းပညာတက္ကသိုလ်ဖွင့်လှစ်ပြီးနောက် တက္ကသိုလ်သက်တမ်း ၅၃ နှစ် ကာလအတွင်းမှာ အင်ဂျင်နီယာနဲ့ သိပံ္ပပညာရှင် ၃ သောင်း ၉ ထောင် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သိပ္ပံပညာသက်သက် သင်ကြားနေရာကနေ လူမှုသိပ္ပံ ဘာသာရပ်ဖြစ်တဲ့ စီးပွားရေး၊ အင်္ဂလိပ်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ လူမှုဗေဒ၊ စီမံခန့်ခွဲမှု ဘာသာရပ်တွေအထိ တိုးချဲ့ခဲ့ သင်ကြားလာခဲ့ပါပြီ။ ဘုံဘေ နည်းပညာ တက္ကသိုလ် အနေနဲ့ ကာလတို သင်တန်းတွေအပြင် အဝေးသင် သင်တန်းတွေပါ ဖွင့်လှစ်ထားတာကြောင့် ကျောင်းသားကျောင်းသူများစွာ သင်ယူလေ့လာခွင့် ရတဲ့ တက္ကသိုလ်တစ်ခုပါ။

IIT ဘုံဘေရဲ့ သမိုင်းကို အကျဉ်းချုပ်တင်ပြ ရမယ်ဆိုလျှင်တော့ ၁၉၅၈ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ စက်မှုနည်းပညာတိုးတက်ဖို့အတွက် ယူနက်စကို ရဲ့ အကူအညီနဲ့ ဆိုဗီယက်ယူနီယံ (ယခုရုရှားနိုင်ငံ) ရဲ့ အထောက်အပံ့ ယူပြီးဖွင့်လှစ်ခဲ့ခြင်းပါ။ ယူနက်စကိုကနေပြီး တက္ကသိုလ်အတွက် လိုအပ်တဲ့ ကိရိယာတွေကို တပ်ဆင်ပေးပြီး ဆိုဗီယက်ယူနီယံ (ယခု ရုရှားနိုင်ငံ) က ပညာရှင်တွေ စေလွှတ်ပေး ခဲ့တာကြောင့် သိပ္ပံပညာသင်ကြားမှုမှာ လျှင်မြန်စွာ တိုးတက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ကို အဆင့်မြှင့် ဖွင့်လှစ်စဉ်က အာကာသသိပံ္ပပညာ၊ ဓာတုဗေဒ၊ ဆောက်လုပ်ရေးနဲ့ လျှပ်စစ် စတဲ့ဘာသာရပ်တွေကိုသာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ကာ ပညာသင်ဖို့အတွက် လျှောက်ထားသူ ၃ ထောင် ၄ ရာ ရှိခဲ့ပြီး ကျောင်းသား ၁၀၀ ကိုသာ ကျောင်းဝင်ခွင့် လက်ခံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နှစ်ကာလအနည်းငယ်အတွင်းမှာပဲ တက္ကသိုလ်မှာ ဘွဲ့ကြိုသင်တန်းများကိုသာမက ဘွဲ့လွန်မဟာတန်းများကိုပါ ဖွင့်လှစ်နိုင်အောင် တက္ကသိုလ်ရဲ့ ဖွံဖြိုးမှုဟာ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။

ဘုံဘေ နည်းပညာတက္ကသိုလ်ရဲ့ အဓိက ကျောင်းပရဝုဏ်ဟာ မွန်ဘိုင်းမြို့ အရှေ့ဘက်၊ ဗီဟာ (Vihar) နဲ့ ပိုဝေ (Powai) ရေကန်ကြားမှာ တည်ရှိခြင်းပါ။ တက္ကသိုလ် ပရဝုဏ်ကို အဆောက်အအုံများနဲ့ ပိုင်းခြား သတ်မှတ်ထား ပါတယ်။ အကယ်ဒမစ်ဧရိယာမှာတော့ ဌာနအဆောက်အအုံများနှင့် လက်တွေ့ခန်းများ တည်ရှိပြီး ဌာနအအောက်အအုံများကြားမှာ ကော်ရစ်တာများနဲ့ ဆက်သွယ်ထားပြီး တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားကျောင်းသူများအနေနဲ့ အမိုးအကာယူစရာမလိုဘဲ ဆက်သွယ်သွားလာနိုင်ပါတယ်။ အဲ့ဒီလို မဆုံးနိုင်တဲ့ ကော်ရစ်တာတွေရှိတာကြောင့် ဘုံဘေ နည်းပညာတက္ကသိုလ်ထဲက ကော်ရစ်တာများကို Infinite Corridor လို့ တင်စားခေါ်ဝေါ်ကြခြင်းပါ။

ဘုံဘေ နည်းပညာတက္ကသိုလ်ဟာ ဆန်ဂျေး ဂန္ဒီ အမျိုးသားဥယျာဉ်နဲ့ နီးတာကြောင့် မွန်ဘိုင်းမြို့ရဲ့ လေထုညစ်ညမ်းမှု ဒဏ်ကနေ အကာအကွယ်ရပြီး စိမ်းလန်းစိုပြေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆန်ဂျေး ဂန္ဒီ အမျိုးသားဥယျာဉ်မှာတော့ ကျားသစ်၊ မိချောင်းတွေ ရှိပါတယ်။ တခါတလေ တက္ကသိုလ်ဝင်းထဲမှာ ရှိတဲ့ ပိုဝေကန်ထဲကို မိချောင်းတွေ ရောက်လာလို့ လိုက်ဖမ်းရတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာမှ နည်းပညာကုမ္မဏီများဟာ အိန္ဒိယနည်းပညာတက္ကသိုလ်ဆင်းကျောင်းသားများကို လစာကောင်းကောင်းပေးပြီး အလုပ်ခေါ်ယူလေ့ရှိတာကြောင့် နိုင်ငံတကာမှ နည်းပညာကို စိတ်ဝင်စားတဲ့ ကျောင်းသားများဟာ အိန္ဒိယနည်းပညာတက္ကသိုလ်များကို ရွေးချယ်မှုများပြားလာတာကြောင့် ဘုံဘေနည်းပညာတက္ကသိုလ်ဟာလည်း နိုင်ငံတကာမှ ကျောင်းသားများကို စွဲဆောင်နိုင်ဖို့အတွက် ၂၀၀၀ခုနှစ်ကတည်းက ပြင်ဆင်မှုများစွာ ရှိခဲ့ခြင်းပါ။

ဘုံဘေနည်းပညာတက္ကသိုလ်ဟာ အိန္ဒိယနိုင်ငံသားများအတွက်သာမက နိုင်ငံတကာက နည်းပညာကို စိတ်ပါဝင်စားတဲ့ ကျောင်းသူကျောင်းသားများရဲ့ စိတ်ဝင်စားမှုများစွာရရှိထားတဲ့ နည်းပညာတက္ကသိုလ် တစ်ခုလည်း ဖြစ်တဲ့အတွက် ၂၀၁၀ခုနှစ်နောက်ပိုင်းမှာ ၀င်ခွင့်လျှောက်ထားတဲ့ ကျောင်းသားအလွန်များပြား လှပါတယ်။ ဒီအတွက် ကျောင်းဝင်ခွင့်ကို တင်းကျပ်မှုတွေပြုလုပ်ခဲ့ရသလို နိုင်ငံတကာမှ ကျောင်းသားများ လာရောက်နိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ပြီး စကောလားရှစ် ပရိုဂရမ်များကိုလည်း တိုးချဲ့ထားခြင်းပါ။ အိန္ဒိယအစိုးရကပေးအပ်တဲ့ စကောလားရှစ် ပရိုဂရမ်များလည်းရှိပြီး အာရှဒေသတွင်းနိုင်ငံများအနေနဲ့ အစိုးရချင်းချိတ်ဆက်ပေးအပ်တဲ့ စကောလားရှစ်တွေလည်း ရှိပါတယ်။

ဘုံဘေနည်းပညာတက္ကသိုလ်မှာ ဘွဲ့ကြိုသင်တန်းတက်ရောက်လိုတဲ့ ကျောင်းသားများအနေနဲ့ ကျောင်းလခအပါအ၀င် အခြားသောအထွေထွေကုန်ကျစားရိတ်အနေနဲ့ ၁နှစ်ကို အမေရိကန်ဒေါ်လာ ၅သောင်း ၉ထောင်မှ ၆သောင်း ၀န်းကျင်ကျသင့်မှာ ဖြစ်သလို ဘွဲ့လွန်ကျောင်းသားများအနေနဲ့ကတော့ ဒေါ်လာ ၂သောင်း ၀န်းကျင်သာ ကျသင့်မှာပါ။ ဘွဲ့လွန်ကျောင်းသားပိုမိုများပြားစေလိုတာကြောင့် ဘွဲ့လွန်သင်တန်းများကို ကျောင်းလခ အနေနဲ့ ဘွဲ့ကြိုကျောင်းသားများထက် ၄သောင်းလျော့ယူထားခြင်းပါ။

ဘုံဘေ နည်းပညာ တက္ကသိုလ်ကနေ စက်မှု အင်ဂျင်နီယာဘွဲ့၊ ပူးတွဲ ပထမဘွဲ့၊ မဟာဘွဲ့ ၅ နှစ်ကြာဘွဲ့၊ မဟာ သိပံ္ပဘွဲ့၊ မဟာစက်မှုဘွဲ့၊ ဒီဇိုင်း မဟာဘွဲ့၊ စီမံခန့်ခွဲမှု မဟာဘွဲ့တွေအပြင် ပါရဂူဘွဲ့တွေ အထိ ချီးမြှင့်နေခြင်းပါ။ နောက်ပိုင်းဖွင့်လှစ်ခဲ့တဲ့ လူမှုရေးသိပ္ပံဘာသာရပ်များကိုလည်း ၀ိဇ္ဇာဘွဲ့၊ ပူးတွဲ ၀ိဇ္ဇာဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များကို ချီးမြှင့်လျှက်ရှိပါတယ်။
ဘုံဘေ နည်းပညာတက္ကသိုလ်ဝင်းထဲမှာ နိုင်ငံတကာမှ ကျောင်းသားများ နေထိုင်ရန်အတွက် အဆင့်မြင့် ကျောင်းအိပ်ဆောင်များ၊ ရေကူးကန်၊ ဘောလုံးကွင်း၊ ဟော်ကီကွင်း၊ ခရစ်ကက်ကွင်း၊ တင်းနစ်ကွင်း၊ ဘတ်စကတ်ဘောကွင်း၊ ဘော်လီဘောကွင်း စတဲ့ အားကစားပြုလုပ်ဖို့အတွက် နေရာများစွာ ရှိပါတယ်။

ဒါ့အပြင် ဘုံဘေနည်းပညာတက္ကသိုလ်တွင် ကျောင်းသားများရဲ့ လှုပ်ရှားမှု စင်တာ (Students’ Activity Center) (SAC) တည်ရှိကာ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ လူမျိုးများစွာရဲ့ ယဉ်ကျေးမှု မျိုးစုံတွေအပြင် ကျောင်းပြင်ပ လှုပ်ရှားမှု မျိုးစုံကိုလည်း တွေ့နိုင်ပါတယ်။ ဘုံဘေနည်းပညာတက္ကသိုလ်တွင် ၁၉၉၈ ခုနှစ်က စပြီးတော့ သိပ္ပံနဲ့ နည်းပညာ ပွဲတော် Techfest (တက်ခ်ျဖက်စ်) ကို နှစ်စဉ် ဒီဇင်ဘာလမှာ ကျင်းပလာခဲ့ရာမှာ အာရှရဲ့ အကြီးကျယ်ဆုံးသော သိပ္ပံနဲ့ နည်းပညာ ပွဲတော်အဖြစ် သတ်မှတ်ခံထားရခြင်းပါ။ ဒီသိပ္ပံနဲ့ နည်းပညာပွဲတော်သို့ နိုင်ငံတကာမှ သိပ္ပံပညာရှင်များစွာလာရောက်လေ့လာကြသလို ဟောပြောပွဲများကိုပါ ပူးတွဲကျင်းပ လေ့ရှိပါတယ်။

လက်ရှိ ဘုံဘေ နည်းပညာတက္ကသိုလ်မှာ မဟာဌာနကြီး ၁၇ ခု၊ ဘက်စုံ စင်တာ ၁၃ ခု၊ အထူးပြုကျောင်း ၃ ကျောင်း ရှိပါတယ်။ မဟာဌာနတွေထဲမှာတော့ အာကာသ အင်ဂျင်နီယာဘာသာရပ်၊ အသုံးချ စက်မှုသိပ္ပံ၊ ကွန်ပြူတာ သိပ္ပံ၊ မြို့ပြလေ့လာရေးနဲ့ စီမံရေးပညာ၊ သင်္ချာပညာ၊ သတ္တုဗေဒ စတဲ့ဌာနတွေ ရှိပါတယ်။ ဒါ့အပြင် တခြားသော တက္ကသိုလ်များနဲ့ ကျောင်းတွေကနေလည်း စက်မှု ဒီဇိုင်းပညာ၊ နာနို နည်းပညာ၊ အဝေးသင် အင်ဂျင်နီယာ ပရိုဂရမ်၊ တီထွင်မှုနဲ့ စွန့်တီထွင် ဦးစီးပွားရေးသမားများတွေရဲ့ ကိစ္စရပ်တွေကိုလည်း သင်ကြား မျှဝေတဲ့ အစီအစဉ်များလည်း ရှိပါတယ်။

ဘုံဘေ နည်းပညာတက္ကသိုလ်ဟာ နိုင်ငံတကာမှာ အဆင့် ၂၀၂ နေရာမှာ ရှိပြီး အာရှမှာ အဆင့် ၄၅ နေရာမှာ ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စက်မှုတက္ကသိုလ်များထဲမှာ ဒုတိယ အဆင့် နေရာမှာ ရှိပါတယ်။

ဘုံဘေ နည်းပညာတက္ကသိုလ်ထွက်တွေထဲမှာ အိန္ဒိယ ရဲချုပ် ဆန်ဂျေ့ဗ် ဘတ် (Sanjiv Bhatt)၊ အိန္ဒိယ ငွေကြေး ဒီဇိုင်းရေးဆွဲသူ ဥဒယ ကူးမား (Udaya Kumar)၊ ဟားဗတ် စီပွားရေးကျောင်း ကျောင်းအုပ် နီတန် နိုရီရာ (Nitin Nohria) စသူတို့ ပါဝင်ပါတယ်။
ဒီလို သမိုင်းအစဉ်အလာနဲ့ ဂုဏ်သိက္ခာကြီးမားလွန်းတဲ့ အာရှထိပ်တန်း တက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ဘုံဘေ အိန္ဒိယနည်းပညာတက္ကသိုလ်အကြောင်းကို မြန်မာရုပ်မြင်သံကြားရဲ့ ပရိသတ်တွေအတွက် မိတ်ဆက် အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

?bph6